Pages

Saturday, October 13, 2012

** ပိုးထိတဲ့မြွှေ **


မျက်စိမှိတ်ထားတဲ့ပန်း
အဖြူရောင် ၀တ်ရည်အပြည့်
သုံးသပ်မှုတွေ ဆွံအနေတဲ့
လက်သုံးတော် ခေါင်းတစ်လုံးနဲ့
အငြင်းဝါကျတွေကို သုတ်သင်လေရဲ့ . . . . .

ကျီးတစ်ကောင်ရဲ့အတ္တ
ငှက်ယောင်ဆောင်တဲ့တိမ်
ရင့်ကျတ်ခြင်းမဲ့ ရင်ဘတ်ကို
ငုံ့မကြည့်တတ်တဲ့ အတွေ့အကြုံရဲ့
မျက်တောင်တစ်ချက်နဲ့တင် ၀တ်ရည်စက်လက် . . .

တစ်ခြမ်းပဲ့ကတိများ
မျက်ရည်နဲ့လဲရတဲ့ပီတိတွေ
ပွင့်ဖတ်တွေက ဆန့်ကျင်တိုင်း
ကွပ်မျက်တတ်တဲ့
တစ်ဖက်စွန်း ကိုးကွယ်ခြင်းရဲ့ အရောင်ရင့်ရင့် . . . .

နာကြည်းမှုမရှိတဲ့အငြိုး
ရိုးသယောင်နဲ့ မိုးဖြိုမတက်
ကျောခိုင်းထားတဲ့ ကြက်ခြေခတ်တွေ
ရမ္မက်နဲ့ ခပ်ခွာခွာနေပေးဖို့အတွက်
ကုသိုလ်မရတဲ့ ဒသနအချို့ သီကျူးတယ် . . . . . .

ရနံ့မဲ့ပန်းတစ်ပွင့်အဖြစ်
ငိုကြွေးခြင်းနဲ့ သရုပ်ဖေါ်နေတဲ့
အဖြူရောင် နောက်ကွယ်က
ရောင်စုံအစွန်းအထင်းတွေ
မျက်ရည်နဲ့ စင်ကြယ် နိုင်ပါမလား . . . . . .

ခန္ဒာကိုယ်ထဲကတိုက်ပွဲ
အချိန်လွန်သွားတဲ့အဖြေမှန်
ဆေးမမှီတဲ့ နောင်တ
နောက်ဘက်ကအမည်းနဲ့
အရောင်မသိတဲ့ အရှေ့ဘက်ကြားမှာ
ညီမျှခြင်းတွေ ရေးခြစ်နေခြင်းဖြင့်
ကျေအေးခြင်းမလိုတဲ့ လျော်ကြေးတစ်ခု
လူလားမြောက်ခဲ့ပြီပေါ့လေ. . . . . .


ရင်နင့်သူ




အမှားရောင်ခြယ်သူ



အရောင်လက်လက် . . မှုန်ရီေ၀၀ါး . .
ဖန်သားရောင်ထနေတဲ့
ပတ်ဝန်းကျင်ရှုခင်းတွေ
ရင်ခတ်သံနဲ့အတူ အချိန်မှန်မှန် . . .
ဟုတ်တယ် . . .
မျက်ရည်တစ်လွှာကြားမှာခံတိုင်း
ငါ့ကမ္ဘာက ဖန်သားကမ္ဘာ . . . .
အလိုလို ကျကွဲတဲ့ ည တစ်ညမှမရှိဘူး . . .

ကိုယ့်အသားကိုမနာအောင်ဆိတ်ပြီး

အိမ်မက်ဘ၀ပြောင်းစေဖို့
ရေနဲ့ထုဆစ်ထားတဲ့
တစ်ကိုယ်စာ ဆုတောင်းလေးတစ်ခု
ပိုးမွေးသလိုမွေးထားတယ် . . .
သူလိမ္မာဘူး . . .
ခဏခဏ ကိုယ့်ကိုယ်ကိုသတ်သေဖို့ကြံတယ် . . .

ရယူခြင်းကင်းတယ်ဆိုတဲ့ကြွေးကျော
်သံဟာ
ဘာမှမရလို့ကျတဲ့ မျက်ရည်ထဲမှာ
တစ်ခါတစ်လေ အစရှာမရဘူး . . .
ဖြူစင်ခဲ့လေခြင်းဆိုတဲ့ တိုင်တည်မှုဟာလည်း
အထိအတွေ့တစ်ခုရဲ့တမ်းချင်းထဲမှာ
မုသားအဖြစ် ဇာတ်ပို့ နေရာမှာနေသတဲ့ . . . . . .
စည်းချက်တွေမှားရင်း မြိုင်နေတဲ့ အလွမ်းတွေပေါ့ . .

အခုတော့ . . . .

ငါသွားတော့မယ် . . . .
ဆောရီး . . မှားသွားတယ် ...
င့ါကိုထားခဲ့ပါတော့ . . . . . . .
နောက်ဆုံးဦးညွတ်ပါရေစေ . .
င့ါအမှားတွေအားလုံး
ငါနိုင်သလောက်သယ်သွားပါ့မယ် .
တစ်ချို့တစ်ဝက်ကိုတော့
ငါယူမသွားနိုင်တာ ခွင့်လွှတ်နိုင်ပါစေ . . .
င့ါ အိတ်ထက် ငါစိတ်ထားက သေးနေတုန်းမို့ပါ . . . . . . . . . ။
ရင်နင့်သူ







** မာယာတောမှ အပြန် **


ဆန်းသစ်တဲ့အမုန်းရဲ့ပွင့်ဖက်
အစဉ်အလာတွေကို

ဖောက်ထွက်တဲ့ ကကွက်ဆန်းတွေနဲ့ . . . . .
အဆိပ်ဝတ်ရည်အချို့
သီးသန့်များ မေတ္တာထားလေရော့လား . . . .

အစွန်းရောက်အလင်းမဲ့ခြေတစ်စုံ
ဘာသာတရားနဲ့အယူအဆတွေကို
ချိုးဖျက်ပြီး ရင်ခွင်ကို ကိုးကွယ်လေရဲ့ . . . . .
ကျောက်စက်ရည်တစ်စက်ရဲ့
ပင်လယ်မျှော်လင့်ချက် ခပ်အက်အက်ရယ် . .

တစ်ခြမ်းဖြူတဲ့ ကျိန်စာလှလှကို
ပျားရည်စမ်းပြီး မြိန်ယှက်တဲ့ခဏ
ဦးနှောက်ထဲက ကံတရားတွေလည်း
နေရာမလုလိုက်ရပဲ
ဆန္ဒတွေဖိမိလို့ ကျေမွကုန်တယ် . . . . . . .

ခြေလမ်းတိုင်းလမ်းဖြစ်ပေမယ့်
နမိတ်တိုင်းမှာ ပီတိမပါလာဘူး . . . . . . . .
မနက်ဖြန်တိုင်းမှာ မျက်ရည်ရှိရင်
နိဒါန်းအတွက် သက်သေရှိမလား
မျဉ်းဖြောင့်တစ်ကြောင်းက
ထောင့်တစ်ခုကို ရိုးသားစွာ ငါ မေ့နေခဲ့ . . . .

နားလည်ဖို့မလိုတဲ့ ၀င်္ကပါ
ခံစားတတ်ရုံနဲ့ မိုးသည်းတယ်. . . . . . . . .
အမှောင်နဲ့ စတဲ့ ဇာတ်
အလင်းနဲ့ မသိမ်းကောင်းလို့
အဟောင်းမှန်သမျှကို ငါ ဖုန်သုတ်ခဲ့ပြီ . . .

မုသားအစာနဲ့ ချိတ်တစ်ခု
အိပ်မက်ကို သွေးဆောင်
တစ်ယောက်တည်းရတဲ့ ရနံ့နဲ့ဝေးရာ
ပုခုံးနှစ်ဖက်ကြားက ခေါင်းကွယ်တဲ့နေ့
ငါဆိုတာ လူယောင်ဆောင်ဖြစ်ဦး မှာပေါ့ . . . . . . . . .. ။


ရင်နင့်သူ
----------

ရင်နင့်သူ


တာဝန်တိုက်ပွဲ

ငိုသံနဲ့စ
ငိုသံနဲ့ဆုံးတဲ့လူဘဝ
အုံးအုံးကြွပ်ကြွပ်လူတွေကြား

မနေမနားဖြတ်သန်းခဲ့တယ်
ဟုတ်ပါပြီ
မင်းရဲ့ပန်းတိုင်ကဘယ်လဲ။

မွေးကထဲက
သဘာဝကပေးတဲ့လက်ဆောင်
ခေါင်းတစ်လုံးလက်နှစ်ဖက်ခြေနှစ်ဖက်
ဘယ်လောက်သုံးပြီးပြီလဲ။
ဘယ်လောက်ကျန်သေးလဲ။
ဘာတွေအတွက်သုံးမှာလဲ
ဘာတွေအတွက်သုံးပြီးပြီလဲ။
ဘယ်သူတွေအတွက်သုံးမှာလဲ
ဘာလဲညာလဲ
လဲပေါင်းများစွာစဉ်းစားနေတုန်း
အချိန်က
သန်စွမ်းမှုတွေ အင်အားတွေကို
တိုက်စားသွားတာ မင်း
သတိပြုမိခဲ့ရဲ့လား။


အေး ဟုတ်တယ်
မင်းရဲ့ရှင်သန်မှုကို
အချိန်ကတိုက်စားနေတယ်
လောကဓံကခနဲ့နေတယ်
ပတ်ဝန်းကျင်ကတိုက်ခိုက်နေတယ်ညီလေး
မင်းဟာစိန်ခေါ်မှုတွေနဲ့ဝိုင်းနေမယ်လေ


သူတို့ကိုစိတ်မကွက်ပါနဲ့
ဒါသူတို့ဝတ္တရားသူတို့တာဝန်ညီလေး
သူတို့ကတာဝန်ကျေဖို့လူတွေကိုဒုက္ခပေးရသလို
လူတွေကကိုယ့်တာဝန်ကိုယ်ကျေမှ
သူတို့ကိုကျော်ဖြတ်နိုင်မှာညီလေ
လူတွေကကိုယ့်တာဝန်ကိုယ်ကျေမှ ဟုတ်ပလား။


အေး
မင်း
ဘဝဟာအဓိပ္ပာယ်ရှိချင်တယ်ဆိုရင်
အေး
မင်း
ဘဝဟာသာယာချင်တယ်ဆိုရင်
အေး
မင်း
ဘဝမှာအောင်မြင်ချင်တယ်ဆိုရင်
အေး
မင်း
ဘဝကြီးကောင်းချင်ပါတယ်ဆိုရင်တော
တာဝန်ကျေမှုကိုရှာပေတော့ညီလေး။


အချိန်တော့သိပ်မဆွဲနဲ့ကွာ
သေမင်းကလည်းအချိန်များများမပေးဘူး
သူလည်းတာဝန်အရပေါ့ကွာ။


မြင်လားညီလေး
သူတို့တွေတာဝန်ကိုသိနေတဲ့အချိန်
ငါတို့ရှာတုန်း
ငါတို့သတ်မှတ်တုန်း
ငါတို့.............. တုန်း
ဆိုတော့
ငါတို့တပန်းရှုံးနေတယ်
ကြိုးစားမှတော်ခါကျမယ်ညီလေး
မဖြစ်မနေပေါ့
တာဝန်အရပဲလေကွာ ဟားဟား။


အောင်စည်သာ
1:31 pm
12.10.2012

*ဂန္တ၀င်ဆန်ဆန် ည . . .*


*ဂန္တ၀င်ဆန်ဆန် ည . . .*

အလင်းရဲ့ နတ်သမီး
ကျွန်တော့် မီးအိမ် မှုတ်လိုက်တယ်
ကြယ်မရှိ လမရှိပဲ
သံယောဇဉ်တွေ ကောင်းကင်ပေါ်က
ကြွေဆင်းလာတယ် . .         Si Thu

အိမ်မက်လေလား အတွေးလေလား
ကဗျာဆန်တဲ့ ပညတ်တခု
ရင်ထဲကို ထုဆစ်ကြည့်တယ်
လှလိုက်တဲ့ ဒေ၀ီ
နာရီသံမပီတဲ့ ရင်ခုံသံတခု
ငေးမိတဲ့ မျက်ဝန်းတစုံက များနေပြီလား  Naing2


မင်းပေးကမ်းစွန့်ကြဲမှုကို မျှော်လင့်နေတဲ့ ..
သူဖုန်းစားတစ်ယောက်လို . . . . . .
ငါ့ကို ကျောသပ်အယုံသွင်းဖို့ မလိုပါဘူး
သရဲနီမလေးရယ် ..
မင်းအမဲလိုက်တဲ့ တောရနံ့ကို မွှေးပျံ့မိကတည်းက
ငါ့မနက်ဖြန်ဟာ ဘယ်သူ့ကြောင့်မှ
နေထွက်မှာ မဟုတ်တော့ဘူး ။    Si Thu


ရိုးသားစွာ ၀န်ခံမှု တစ်ခု ပြုရရင်
အရောင်တွေ လက်နေတဲ့ အလင်းက
အမှောင်တွေ ပြန်ခွင်းမှာလား
အလင်းရောင်ပျောက်နေတဲ့ ရင်ခုံသံကရော
တည်ငြိမ်အေးချမ်းသွားမှာလား
ခပ်ပါးပါး အလွမ်းတွေကြားက
တီးတိုး ရွတ်မိတဲ့ စကားလေးတစ်ခွန်း
မင်းကို သိပ်ချစ်တယ်    Naing2

ချစ်သူကို ........................ ကျွန်တော်ချစ်တယ်...............
ဆူညံစွာ .... ပေါက်ကွဲစွာ... နာကျင်စွာ.... ရင်ဖွင့်ချ...
အဲ့ဒီတဒင်္ဂမှာ ကျွန်တော့်စာမျက်နှာလေး ရေလျှံသွားခဲ့ဖူးသည်။
ချစ်တယ်........... ချစ်တယ်............ ချစ်တယ်..............
အကြိမ်ပေါင်းများစွာ အက္ခရာတင် ...

ကျွန်တော့်စာအုပ်လေးတောင် ပြည့်ကျပ်သွား   Si Thu


ဆိုနေတဲ့ သီချင်းသံတွေ ရပ်
မျက်ဝန်းပေါ်က အလှအတွက်
ကဗျာစပ်လို့ ရေးမိတယ်
ချစ်တာအပြစ်လား လွမ်းတာ အပြစ်လား
ဆွေးတာ အပြစ်လားရဲ့ နောက်
သူနှလုံးသား ခြေတစ်စုံရဲ့အောက်
ရုတ်တရက်ဒူးထောက်မိသွားတယ်     Naing2

အဲ့ဒီည.......
ဂန္တ၀င်ဆန်ဆန် ည . . . .
ဂန္တ၀င်ဆန်ဆန် စကားလုံးတွေ
တစ်လုံးစ . . .
နှစ်လုံးစ . . .
ဂန္တ၀င်ဆန်ဆန် ပျောက်ဆုံးသွား
ဂန္တ၀င်ဆန်ဆန် ဗလာအိမ်မက်နဲ့
ဒီညထဲ ဘာအလင်းမှ ပါမလာတော့ဘူး...။     Si Thu


ကြိုးပျက်တယော

မမြင်နိုင်တဲ့ အနာဂတ်မှာ
ခမ်းနားခြင်းမရှိတဲ့ အညတြရင်ခွင်ထဲ

အချစ်ဆိုတာကို သာမန်ပြယုဂ်တစ်ခုလိုသာ.................။ ( Romeo )

ဝေခွဲမရတဲ့အတွေးမှာ
အနမ်းမခင်းတဲ့ လွမ်းခြင်းပုံပြင်ထဲ
ကြည်နူးခြင်းက ပုံရိပ်ရောင် သက်သက်သာ...................။ ( Amigo )

နင့်အမြင်မှာ သံချေးတက် နှလုံးသားလေးပါ
လာချင်တိုင်းလာ ညာချင်တိုင်းညာပြီးမှ
အမုန်းဖက်တဲ့ အပြုံးကိုဘာလို့စွန့်ကျဲခဲ့လဲ….........။ ( Romeo )


နှလုံးသားကိုက အညှာလွယ်တာပါလေ . .
မျက်တောင်တစ်ချက်အပင့်မှာတင် . .
အရာရာ . . ပျောက်ရှသွားလေတယ် ................။ ( Amigo )

ပျားရည်မလွှမ်းတဲ့ နှုတ်ခမ်း
မနမ်းရှိုက်တာ မဆန်းပေမယ့်
ဓားသွားထက်က ပျားရည်စက်ကို
ကြည့်တဲ့မျက်ဝန်းလက်လက်က
ငါ့အတွက် ငရဲခန်းနှယ်...............။ ( Romeo )

အနမ်းနဲ့အသက်ဆက်တဲ့ပန်း
အလွမ်းမိုးမိလို့ ညှိုးရော်ရော်
သခင်ဖြိုတဲ့တိမ်
ညိုမရောင်နဲ့ လျှပ်ပန်းနွယ်တစ်ဖျတ်ဖျတ်ခတ်
ရင်တစ်ခွင်လုံး မှုန်ရီမှိုင်း ....................။ ( Amigo )

ကကြိုးပျက်တဲ့ တယောသံက
နင့်အတွက် ပျက်လုံးသာသာ
သံစဉ်မကြွေကျငါ့ညနဲ့
ငါ့နှလုံးသားက အက်ကွဲရာအထင်းသား.........။ ( Romeo )

အရောင်မစုံဘ၀ ကာရန်ပျောက်ရှ
အိပ်မက်တွေညီမျှခြင်းမကျ
ဝေးလွင့်ခြင်းနောက်ကွယ်က
အဆိပ်တက်တဲ့ အိပ်ပျက်ည....................။ ( Amigo )


ဝေခွဲမရတဲ့ ကြေကွဲရတဲ့ညအတွက် ထွက်ကျတဲ့ အလွမ်းသက်သေ 
 
 
Amigo Jue
Romeo Soe
 

အမျိုးဘာသာ သာသနာ

ခေတ်အလှကို စနစ်ကျကျပွဲမထုတ်
မရှုမလှဆွဲမြှုပ်တဲ့ ဝဲဂယက်လို

စွဲမက်တဲ့ငွေဂုဏ် အရေခြုံ
မလုံမစုံတွေဖက် တရားရယ်ပျက်
မက်မပြေ အာသီသတွေနဲ့
မညီလှတဲ့ဇောတွေဖုံး
ရှေ့ဆက်သာသုံးရင်တော့
တုံးလိမ့်မကွဲ့ မြန်မာလူမျိုး။

မြန်မာပြည်ရက် အထည်တွေတဲ့
အဆင်ကညှက် အသွေးရောင်အစုံစုံနဲ့
လှချက်ကအဖုံဖုံ မြင်ရရုံမက်စရာပေပ
သက်လျာဆွေနှမတွေ ဆင်သင့်ပါရက်
တွေးချက်ကလွဲ။

ပွဲဖျက်မဲ့အတွေးတွေနဲ့ တိုင်းတပါးကိုခင်
မလုံ့တလုံဆင် ကမ္ဘာကိုယှဉ်
မမြင်သာတဲ့အလှများ ထင်ကရ ထားလို့
အမေကိုမထောက်ထား ဆန်းပြားတဲ့အလှကိုခင်
တကယ်ဆင်ကြရင်ဖြင့် ပျက်လေမကွဲ့တကယ်ယုံ
မြန်မာ့တွေရဲ့ဂုဏ်။

ဘာသာဆိုအလေးမထား မှန်ရာကိုမလေးစား
သာသနာကိုဘေးထား အတွေးမှားတွေဝင်
သံသရာကိုမမြင် တဏှာဆိုတာကိုခင်
သံဃာတွေကိုရန်သူထင် ဘုရားရှင်ကိုမျက်ကွယ်ပြု
စစ်ပွဲတွေအတည်ပြု ရန်မှုတွေစုနေကြရင်ဖြင့်
ပျက်မှာသာအသေချာ မြန်မာ့သာသနာ။
Layeik Lay