Pages

Friday, October 12, 2012

"ပြယ်"

"ပြယ်"
====

ခိုညည်းသလိုညည်းနေတဲ့
ပြက္ခဒိန်တွေထဲမှာ
တစ်ရက်...နှစ်ရက်...သုံးရက် တွက်
သန်းခေါင်ထက်
နက်တဲ့အလွမ်းတွေဖက်ပြီး
ကျုပ်က ပေါ့ပြက်ပြက်နိုင်ပါသတဲ့ ။

အိပ်မက်ထဲမှာ
တိမ်တွေနဲ့စိန်ပြေးတမ်းကစားရုံနဲ့
မောတတ်လို့…
လွမ်းတဲ့နေရာမှာ စိန်ခေါ်ဖို့
ကျုပ် ခင်ဗျားကို သိပ်သနားတယ် ။

ဖျိုးဖျိုးဖျပ်ဖျပ်လက်တဲ့
မျက်တောင်တုတွေထက်
ကျုပ်မျက်ဝန်းအစစ်တွေကို
အရင်လေ့လာပါ ။

မော်ဒယ်တစ်ယောက်ရဲ့
လမ်းလျှောက်ဟန်ထက်
ကျုပ် ခြေသံ အစစ်တွေကို
အရင်လေ့လာပါ ။

ပရက်စင်တာတစ်ယောက်ရဲ့
စကားအတုတွေထက်
ကျုပ် စကားအစစ်တွေကို
အရင်လေ့လာပါ ။

ဟော့ဒီ့မှာ...
နားစွင့်လိုက် ။

ဖလက်ရှ်ဂန်းတစ်ချက်ပွင့်ရင်
ကျုပ် အလွမ်းတစ်ချက် လွင့်မယ် ။

ထင်တဲ့အတိုင်းပဲ...
ကမ္ဘာပတ်နေတဲ့ ကောင်းကင်က
ကျုပ် လက်ဖျားမှာ သီးတဲ့ ဗျည်းတွေကို
အထင်မကြီးဘူးတဲ့... ။

စိတ်ကူးထဲမှာနေပြီး
စိတ်ကူးထဲမှာပဲ သေလိုက်ပါတယ် ။

မနက်မိုးလင်းရင်
သုညခြေရာတွေထပ်တဲ့
မျက်နှာကို အညတရမိုးရေနဲ့သစ်
ကျုပ် မျက်ရည်တွေ အစစ်ဖြစ်ကြောင်း
ခင်ဗျား သိဖို့ မလိုတော့ပါဘူး ။ ။
_____ SNAZZI _____


0 comments:

Post a Comment