Pages

Friday, October 12, 2012

"ငါ နဲ့ ကစားပွဲ"

အခုလို....
အေးချမ်းလှတဲ့ ညခင်းလေးမှာပဲ
ဘဝကစားပွဲမှာ
ကံကြမ္မာရဲ့ ဂိုးပြတ်သွင်းမှုနဲ့
ငါ...အရှက်တကွဲ ရှုံးနိမ့်ခဲ့ရ။

ငါ့ရဲ့တိုက်စစ်မှူး
ဇွဲ လုံ့လနဲ့ ဝိရိယတို့ကလည်း
ဒဏ်ရာပြဿနာနဲ့ မပါနိုင်
ခံစစ်ကိုကူမယ်ဆိုတဲ့
မာနနဲ့ သတ္တိကလည်း
နေရပ်ပြန်နေချိန်မို့
အရံတွေနဲ့ပဲ ပွဲထွက်ခဲ့ရတဲ့
နာမည်ကြီးအရှုံးသမားငါ
နှစ်သိမ့်တစ်ဂိုးတောင်ပြန်မသွင်းနိုင်ခဲ့ပါဘူး။

ဒီလိုနဲ့...
ဥပေက္ခာကွင်းလယ်က
ကံတရားဒိုင်လူကြီးတွေနဲ့
စကားများရာက
ငါ့အသင်းသားတွေကလေ
လောကကြီးကိုစိန်ခေါ်ခဲ့ကြ။

အဲဒီနောက်တော့...
မိုက်ရူးရဲ နေ့ညတွေကို
ဖြစ်သလို ဖြတ်သန်း
ဖိတ်ဖိတ်တောက် အလဲအကွဲနေ့တွေပဲ
ပြိုင်ဆိုင်ဝင်ရောက် နေရာယူထားတဲ့
ရပ်ဝန်းငယ်ဟာ...
ဒီကနေ့...ငါပါပဲ..။ ။

(နှစ်ဆန်းနိုင်)
Nitsan Naing

0 comments:

Post a Comment