Pages

Saturday, October 13, 2012

တေလေရဲ့နတ္တိ

 သောကတွေပြည့်နေတဲ့
လောကထဲမှာ
အနေအထိုင်မတက်တဲ့ ငါလိုလူအတွက်
အသဲကြမ်းကြမ်းတစ်ခုလောက်
ပေးသနားတော်မူလှည့်ပါ။

ရင်ထဲ မုန်တိုင်းတွေ အစုအပြုံလိုက်ဝင်ပြီးမှတော့
သက်သာရဲ့လားလို့ မမေးပါနဲ့
ကြင်နာလို့ နာကျင်ရတဲ့ ဝေဒနာအတွက် ဖြေသာပါတယ်။

ဖြစ်စဉ်ကိုခန့်မှန်းမကြည့်ပါနဲ့
အပူအအေးပေါင်းစပ်လို့
အစိတ်စိတ်အမွှာမွှာဖြစ်သွားတဲ့
ဖန်ခွက်တစ်လုံးလို ငါ့နှလုံးသားကို မြင်ကြည့်စမ်းပါ။
ငရဲမီးနဲ့ရောထွေးနေတဲ့ သွေးဆိုးတွေနဲ့
ငါ့နှလုံးသားလည်း ပြန့်ကျဲနေပြီ

ရှုပ်ပွပေရေ တေလေရဲ့ကမ်းခြေတစ်ခုဟာ
မုန်တိုင်းဝင်ခဲ့တယ်ဆိုတာ သိသာပါတယ်
သံသယ တွေကြွင်းကျန်ခဲ့တဲ့
နှလုံးသားတစ်ခုကိုကော ဘယ်လိုခေါ်ကြမလဲ....

စစ်မှန်တဲ့အဖြစ်အပျက်တွေ
့ပြန်ပြောဖို့တောင်ခက်လှတယ်
နှစ်ခါပြန်ရင်နာစရာအကြောင်းတွေက
မင်းအတွက် ရီစရာ ပြဇာတ်တစ်ပုဒ်လား...။ ။

အချစ်ဆိုတာကိုတော့ အားနာမိပါရဲ့....
အတိတ်ကို ပြန်သတိတရနဲ့
သံသယတွေကို ခါထုတ်လိုက်တဲ့အခါ
ကျန်ခဲ့တာ...ဗလာ..။ ။
 
Romeo Soe
 

0 comments:

Post a Comment